❀ အတ္တ ❀
******
သူ၏အတ္တ
သူ့မာနသည်
ငါ့အားကျော်လွှား
မသွားစေရ
သူသွားရာလမ်း
သူ့ခြေလှမ်းကို
ကျော်လွှားချိုးဖျက်
သူ့မာန်ထက်၌
အောင်မြင်ဖို့ရာ
ကြိုးစားမည်...။
ကြွေတစ်လှည့်
ကြက်တစ်ခုန်
အခွင့်ရယ် ကြုံပါက
ငါ၏မာန
ဓားထက်ရှကြောင်း
အသင်သိကောင်း
သိစေမည်...။
ကဗျာမိုးတိမ်(ရွှေကျင်)
13.2.2016 (10:12 PM)
Thursday, June 2, 2016
ကဗျာ
Wednesday, April 20, 2016
Friday, April 15, 2016
ချစ်သူအတွက်
အဖော်မဲ့အလွမ်း
အဖော်မဲ့နေတာချင်း အတူတူ
ဥသြငှက်ရဲ့ ချစ်သူပျောက်လွမ်းတေး အသံသာသာလေးလဲ
ငါနားမလည်ပေးနိုင်ဘူး
ဒီကမ္ဘာမှာ
ငါ့လို အထီးကျန်ဘ၀နဲ့
အကျည်းတန်စွာ လွမ်းနေရတာ
ဘယ်သူရှိမလဲ
ကြယ်ကြွေတာလဲငါမသိဘူး
ပန်းတွေကြွေတာလဲငါမသိဘူး
ငါသိတာ
ငါမျက်ရည်ဝဲနေတယ်
ကဗျာမိုးတိမ်
ချစ်သူအတွက်
❀ ချစ်သူ သို့ ❀
✏ ✏ ✏ ✏ ✏
မင်းဘယ်လောက်ပဲ
ရက်စက်ရက်စက်
ချစ်ခဲ့ဖူးတာ သတိရရင်
အသည်းတစ်ခြမ်းတော့
ချမ်းသာပေးပါ
ကမ္ဘာမီးလောင်တဲ့အခါ
မင်းခြေဖ၀ါးနုနု
သွေးချည်မဥရအောင်
ချနင်းနိုင်ဖို့ ငါထိန်းသိမ်းရင်း
နှလုံးသွေးမခမ်းသရွှေ့
ချစ်နေမယ်...
ကမ္ဘာကြီးက လုံးဝန်းတာမှန်ခဲ့ရင်
ဆန့်ကျင်ဘက်အရပ်
ကျောကိုင်းထွက်သွားတဲ့ မင်းနဲ့ပြန်ဆုံဖို့ ငါဒီနေရာကစောင့်နေမယ်
ဝေးချင်သလောက်ဝေးသွားပါစေ
ကမ္ဘာကြီး မပျက်သရွေ့
ငါယုံကြည်မှု အပြည့်နဲ့
မျှော်လင့်နေမယ်
ကမ္ဘာတစ်ပတ်ပြည့်ရင်တော့
မင်း ငါ့ရှေ့ပြန်ရောက်လာမှာပါ
ကဗျာမိုးတိမ်
Friday, March 4, 2016
ဖုန်းတော့ဆက်လို့ရတယ်မှတ်လား...
မွေးဌာနေမှ ချစ်သောသူငယ်ချင်းသို့...
" ငါမျှော်နေတယ်.."
သူငယ်ချင်း....
တို့အတိတ်ရဲ့..ဒီလိုရက်
ဘုရားအတူတူတက်
ပန်းရေချမ်းတော့ ကပ်ဖူးတယ်...
လောကကိုမေ့လို့
စစ်တုရင်အတူတူထိုး
တို့..ဖိနပ်တွေလဲ လူခိုးဖူးတယ်..
ဆိုင်ကယ်တစ်စီးနဲ့မြို့ပတ်
ဖန်စီဆိုင်ရှေ့ရပ်လို့
အမှတ်တရတွေ အပြန်အလှန်ပေး
သောကတွေလဲ..
ဝေးဖူးတယ်...
အခုတော့..သူငယ်ချင်း
မင်းဘယ်ရောက်နေလဲ...
"အလုပ်တွေများနေတယ်"ဆိုတဲ့စကားဟာ
မင်းမွေးနေ့တိုင်း
ငါကြိတ်မှိတ်မြိုသိပ်
ကျော်ဖြတ်ခဲ့တာပါ..
ဒီနေ့..ငါ့မွေးနေ့လေ
မင်းအလုပ်များတွေနေလား....
ဘုရားပေါ် အတူတူတက်
ပန်းရေချမ်းတွေ မကပ်ပေမယ့်
ဖုန်းတော့ဆက်လို့ရတယ်မှတ်လား...
ငါဖုန်းမျှော်နေတယ်သူငယ်ချင်း...
(Happy Birthday)
ကဗျာမိုးတိမ်(ရွှေကျင်)
Friday, February 26, 2016
မဒမမြေမှ..သူငယ်ချင်းအတွက်
❆ သူငယ်ချင်း...အတွက် ❆
°°°°°°°°°°°°°°°°°°°°°°°
📝သို့...သူငယ်ချင်း
လဲရင်ပြန်ထ ဒါဘဝတဲ့
လူရယ်လို့ ဖြစ်လာခဲ့ပြီပဲ
အမှားနဲ့တော့ ဘယ်ကင်းမလဲ
မှားမှာကိုကြောက်လို့ ငြိမ်နေမှာလား
ဒါဆိုရင်တော့..
မင်းဘယ်တော့မှ မမှားပေမယ့်
ဘယ်တော့မှ မအောင်မြင်ဘူး
သဘာဝက နောင်တတွေကို
လက်ဆောင်ပေးလိမ့်မယ်..။
📝သို့...သူငယ်ချင်း
ရှေ့လျှောက်မယ့် မင်းခြေထောက်
ဘာလို့နောက်ပြန်ခေါက်ချင်နေလဲ...
အတိတ်ဆိုတာ ပြီးခဲ့ပြီပဲ
သင်ခန်းစာ တချို့ရရင်ကျေနပ်ပေါ့
📝မနေ့ကရေးထိုးခဲ့တဲ့ အတိတ်ဆိုတဲ့
မင်းရဲ့မှတ်စုလေး အပြစ်ကင်းတယ်
ဒီနေ့ရေးထိုးတဲ့ ပစ္စုန်ပ္ပန်ဆိုတဲ့
မင်းရဲ့မှတ်စုလေး အပြစ်ကင်းတယ်
အနာဂတ်ဆိုတဲ့ မနက်ဖြန်တွေမှာ
မင်းရေးထိုးမယ့် မှတ်စုလေး
အပြစ်ကင်းစင်နေဖို့တော့
ဒီအချိန်ကစပြီး.....
အချိန်တိုင်း......အချိန်တိုင်း
မင်း...လူကောင်းဖြစ်နေရမယ်....
မဒမမြေမှ သူငယ်ချင်းသို့
ကဗျာမိုးတိမ်(ရွှေကျင်)
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ကဗျာအဟောင်းလေးပါ...
❀ဝေးလက်စနဲ့ ဝေးပါစေ❀
~~~~~~~~~~~~~
👣 ဝေးနေပြီပဲ
ဝေးသထက် ဝေးပါစေတော့
မချစ်ချင်နေပါစေ အမုန်းမခံနိုင်ဘူး
မင်းနဲ့အဝေးဆုံးဆိုတဲ့ နေရာ
ငါရှာဖွေတော့မယ်...။
💔 စကားလုံးတွေနဲ့ ငြင်းခုန်နေတဲ့ဘဝ
သံသယဆိုတဲ့ စကားလေးက
အကြင်နာကို ဖျက်စီးတယ် ။
💓 ပျက်စီးလွယ်တဲ့
ဒီခေတ်ရဲ့ ဒီအချစ်မှာ
ခါတော်မီ လွမ်းနိုင်ဖို့
အသည်းတစ်ခြမ်းစာ နေရာလေးတောင်
မချန်ရစ်မိလေတော့.......။
💘 မင်းအရှေ့ ငါဒူးထောက်နေတာဟာ
မင်းကိုအရှုံးပေးတာ မထင်နဲ့
မင်းကိုချစ်တဲ့ ငါ့အချစ်တွေကို
ငါရှုံးသွားလို့ .။
💌သံသယစိတ်ရေ..
မင်းကစတဲ့ ငါ့နှလုံးသားရဲ့
ရေစက်ချ တရားနာပွဲကို
ဒီနှစ်ဆောင်းမသိအောင်
တိတ်တဆိတ် ကျင်းပမယ်
အသည်းကွဲသူတိုင်း ဖိတ်ခဲ့တယ်
သံသယစိတ်နဲ့တော့ မလာခဲ့နဲ့
အကြင်နာတွေ ပျက်စီးလိမ့်မယ်။
ကဗျာမိုးတိမ်
Tuesday, February 23, 2016
ငါ့ကိုဘယ်အချိန်ထိချစ်မှာ.....
ညနေခင်းလေးတစ်ခု… လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။
“ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!
” ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။ “ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်” ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။
မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်”တစ်”ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ “တစ်သက်လုံး! ” လို့ ပြောတယ်။ ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။
“နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ… ပြန်စဉ်းစားကြည့်ပါအုန်း” ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း “ဒီလိုဆိုရင် တစ်ရက်လား?” “ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ” ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း ” တခဏတော့ မဟုတ်ရပါဘူးနော်” လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။
ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။ “ဒီလိုဆိုရင် တစ်နှစ်လား?” ကောင်လေး ခေါင်းခါပြလိုက်တယ်။ “ဒီလိုဆိုရင် နှစ်တစ်ရာကွာ… ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ” ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။ “နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး” ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။
ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။ “အဖြေကို သိချင်ပြီလား?” ကောင်လေး ဖြေချင်နေပြီ။ “ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?” ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ ကောင်လေးက
လက်တစ်ချောင်းထောင်ပြရင်း “နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်….”
ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။ နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်! အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။
Credit: ကိုဇော်လေး
Tuesday, February 16, 2016
ဥပေက္ခာရှင်.....သို့
❀ ဥပေက္ခာရှင်..သို့ ❀
•••••••••••••••••••••••••
ဟုတ်တယ်...
မင်းတို့အမြင်မှာ ဒါဟာမျက်ရည်တွေပဲလေ
ငါ့ရင်မှာ သွေးစိမ်းရှင်ရှင်ကျနေတာ
ဘယ်သူမြင်မှာတဲ့..လဲ...။
ဟုတ်တယ်...
မင်းတို့အမြင်မှာ ငါပြုံးနေတယ်လေ
ငါ့ရင်မှာ တစစ်စစ်နာကျင်နေတာ
ဘယ်သူမြင်မှာတဲ့..လဲ...။
အက်ရှင်ရှိရင်
ရီအက်ရှင်ရှိတယ်တဲ့
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်...။
အမှားအမှန်ရှိသလို
အသွားအပြန်သာ ရှိခဲ့ရင်
ငါ့ရဲ့တစ်ဖက်သတ်ဆိုတဲ့ ဒီအချစ်မှာ
မျက်ရည်ဆိုတာ...
ရှိခဲ့မယ် မထင်ဘူး...။
ငိုပစ်လိုက်စမ်းပါ...
အဲ့ဒီဥပေက္ခာတရားတွေကို ရင်ဆိုင်ဖို့
ငါ့အချစ်တွေ မကုန်ခမ်းသေးဘူး...။
ကဗျာမိုးတိမ်(ရွှေကျင်)
Monday, January 25, 2016
မြန်မာ့ရာဇဝင်ထဲမှ သဘောအကျဆုံး အချစ်စကားလေး(5)ခွန်း
မြန်မာ့ရာဇဝင်ထဲမှ သဘောအကျဆုံး
အချစ်စကားလေး(5)ခွန်း
××××××××××××××××××
(၁) "မမြဝင်းရယ်...လှေလံနှစ်ဖက်နင်းမယ် ဆိုလည်း ကျုပ်ဘက်ကို ပိုပိုသာသာလေး ဖိနင်းလိုက်စမ်းပါဗျာ..။ "
ဗိုလ်အောင်ဒင်
(၂) "မယ်သီတာရယ် မင်းပုံရိပ်ကလေး မြင်ခဲ့ ကတည်းက စွဲလမ်းခဲ့ရတာပါ..။ မင်းဘာသာ လင်ဘယ်နှယောက်ရဲ့ မယားဖြစ်နေနေ ငါဂရုမစိုက်ဘူး ။ ငါလိုချင်တာ မင်းအချစ်ကိုပါ..။ သိပ်ချစ်လွန်းလို့ မင်းနှလုံးသားကိုရဖို့ ငါ အရူးတစ်ယောက်လို ကြိုးစားခဲ့တာ...ကြည့်ပါဦး..။ ငါ့ဆွေတွေ ၊ မျိုးတွေ အကုန်သေ..ငါ့တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်လောင်နေပြီ..၊ မင်းအချစ်ကိုရဖို့.. ငါသေပြဖို့ပဲ.. လိုတော့သလား..ဟင်။ .." ဒသဂီရိ
(၃) " သေစေနိုင်တဲ့ အဆိပ်တွေပါမှန်း သိသိကြီးနဲ့ ကျုပ်မရှောင်နိုင်ခဲ့တာ မင်းနှုတ်ခမ်းတွေပါပဲ ရွှေအိမ်စည်ရယ်...။ " ပရိက္ခရားမင်းသား
(၄) " သွားပေဦးတော့ စောမွန်လှရေ.. သွားပေဦးတော့။ မင့်မမြင်နိုင်တဲ့ ဘုရင်တပါးရဲ့ အချစ်နဲ့ မျက်ရည်တွေကို ဟောဟိုက မပြီးသေးတဲ့ ရွှေစည်းခုံ ဘုရားကြီး သက်သေတည်ပြီ... ဆုထားခဲ့ချင်ပါရဲ့..။ နောင်ဘဝ ဆိုတာ ရှိခဲ့ရင်......" အနော်ရထာ
(၅) " ချစ်ခြင်းအတွက် ... သေခြင်းကို ရင်ဆိုင်ရမယ်ပေါ့..။ မအံ့သြပါဘူး...။ အရှင့်သားကို စချစ်မိကတည်းက ခင့်နှလုံးသားရော ဘဝတခုလုံးပါ သေဆုံးခဲ့ ပြီးသားပဲ.." ဒိုင်းခင်ခင်
Credit Ko zay lin
Credit: မြန်မာအွန်လိုင်းစာအုပ်စင်
Friday, January 22, 2016
ရထားလမ်းပေါ် လျှောက်ရင်း ရေးလိုက်တာ ဖတ်ဖူးတဲ့ကဗျာအပိုင်းအဆလေးကိုသဘောကျလို့ ထည့်ရေးထားတာလေးလေ
ဘဝပဲ...
ကြမ်းချင်လဲကြမ်း
ပမ်းချင်လဲပမ်းမယ်
ဘဝကြမ်းတိုင်း
စိတ်ပျက်ရမှာလား
အခက်အခဲကြုံတိုင်း
အားလျော့ရမှာလား
ဘဝပဲ
ခလုတ်လဲထိ
ဆူးလဲငြိမှပေါ့
ခလုတ်မထိဆူးမငြိရင်
ဆားမပါတဲ့ ဟင်းပမာ..
ခလုတ်လဲထိ ဆူးလဲငြိမှ
ဘဝပီသ အောင်ပွဲရလိမ့်
ဒုက္ခဆိုတာ ခရီးဖော်..တဲ့
ကြိုးစားရင်း ရုန်းကန်
ဒုက္ခဆိုတာကို အန်တု
တွန်းလှန်မယ်...
ကဗျာမိုးတိမ်
လွမ်းနေတဲ့နေ့လေးတွေအတွက်
ချစ်သူသိပါစေ
ညဆိုတာနဲ့ အိပ်မသွား
တစ်ကိုယ်ရည်အတွေးနဲ့..
ခြောက်ခြားလို့...
အတွေးတချို့က
ဟိုရောက် ဒီရောက်
တစ်ခါတစ်လေဆို
မျက်ရည်တစ်ပေါက်နှစ်ပေါက်ကျတယ်..
ခဏတာ ဝေးရ ဆွေးရ ရုံနဲ့
တစ်ဘဝစာ ကြာသွားသလိုပဲ...
သူလဲလွမ်း ကိုယ်လဲလွမ်း
ကြာရင် အသည်းတွေကျွမ်းရလိမ့်မယ်
ကုန်ဆုံးဖို့ခက်ခဲတဲ့နေ့ရက်တွေထဲ
လွမ်းရင်းဆွေးရင်း...
နေတတ်မသွားစေဖို့
ချစ်သူရဲ့မှာစကား.
ရင်ထဲမှာ..ယနေ့ထိကြားတယ်
ချစ်သူရေ..
တို့တွေရဲ့ နားလည်မှုလေးမှာ
ဘယ်တော့မှ စည်းမခြားဘူး
ဖြစ်လေရာဘဝအထိ
ချစ်နေမှာ ...ဆိုတာ
ချစ်သူသိပါစေ...
ကဗျာမိုးတိမ်
ကိုင်းခြောက်သစ်ပင်
ငါဘဝက...
တောင်ပံမဲ့ငှက် လေလွင့်ရွက်ပါ
လေအဟုန်မှာ...
အစုန်အဆန် ပျံဝဲချင်ပေမယ့်
တောင်ပံမဲ့နေသလို...
ရော်ရွက်ဝါတွေလို...
လေနဲ့အတူ လွင့်မျောနေတာမို့
တခါတခါတော့...
ငါ့ကိုယ်ငါ စိတ်ဓာတ်ကျ
အားငယ်မိတယ်...
Saturday, January 16, 2016
ဘဝမှာ ပျော်ရွှင်မှု စိတ်ချမ်းသာမှုကို စတင်ယူဆောင်လာပေးတဲ့နေ့လေးတစ်နေ့ပါ
လရောင်စိမ်းစိမ်း
ကဗျာလိမ်းတဲ့ည
ပင်လယ်လေရိုင်း
ထင်ရာစိုင်းတဲ့ည
အဝေးကမျက်ရည်
တသိမ့်သိမ့် ကြွေတဲ့ည
မပြောမသိပေမယ့်
နားလည်မှု ရှိတဲ့ည။
အဲ့ဒီည
တကိုယ်ရည် အတွေးနဲ့
မိုင်ပေါင်းတွေ ဝေးလည်း
သေလောက်အောင်
ပျော်ခဲ့တယ်။
အချစ်ဆုံးလေးအတွက်
ကဗျာမိုးတိမ်
Posted via Blogaway
ကဗျာလို့တော့ပြောလို့မရဘူး စိတ်ထဲရှိတာလေးချရေးလိုက်တာ..အဟောင်းလေးပါ
သူက လိမ္မာတယ်
သူက မလိမ္မာဘူး
သူက ယဉ်ကျေးတယ်
သူက ရိုင်းစိုင်းတယ်
ကောင်းတဲ့ လူတွေရှိသလို
မကောင်းတဲ့လူတွေ ရှိတဲ့အရပ်ကို
လူ့ပြည်လို့ခေါ်တယ်။
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ့်ဘက်က ကောင်းအောင်ကြိုးစားရမယ်။
ကမ္ဘာပေါ်မှာ မိန်းကလေးတိုင်းဟာ
မိခင်မျိုးနွယ်စုတွေချည်းပဲ ။
သူ့အမေ ကိုယ့်အမေ
သူ့နှမ ကိုယ်နှမ
သူသာငါ့အမေ ငါ့အမ
သူသာငါ့နှမ ဆိုတဲ့စိတ်လေးနဲ
ကိုယ်ချင်းစာ တတ်ရင်
ကိုယ်ချင်းစာ နိုင်ခဲ့ရင်
သင်ကိုယ်တိုင်
အနည်းအကျဉ်းတော့
လောကကို အလှဆင်နိုင်ပြီ
ကဗျာမိုးတိမ်
Posted via Blogaway
ကဗျာလေးတွေကို ချစ်တတ်တယ် ရေးလဲရေးတယ် တတ်တော့မတတ်ဘူး ဒီညတော့ ကဗျာတွေနဲ့မိုးလင်းမယ်
💔💔 သခင့်...အတွက်💔💔
✏✏✏✏✏✏✏✏✏✏✏✏
💔 ကြည့်စမ်း...
သူ့မျက်နှာ ခဏညှိုးတာ
ငါ့အသည်းတွေ ကွဲအက်လိုနေပါလား
သြော်...သူဆိုတာ ငါ့အသက်ပဲ
ကွဲချင်ကွဲ အက်ချင်အက်
သူ့အပြုံးတစ်ချက်နဲ့ ငါကျေနပ်နိုင်တယ်
💘 နင်ပျော်ဖို့ အတွက်
ငါအဝေးကနေ ပြုံးပြနေတယ်
သာယာတဲ့လေညှင်းလေး
မဆောင်ကျဉ်းရင်နေပါ
လေစိမ်းတွေ မတိုက်ချင်ပါနဲ့
😪 မိုးမင်းကြီးရယ်
ခဏလောက်ဖြစ်ဖြစ်
မိုးတွေရွာသွန်းပေးပါ
ငါငိုနေတာ သူမမြင်စေချင်ဘူး
သူရင်နာနေတာ ငါသိတယ်
ငါ့ရင်ဘက်ကြီး စုတ်ပျက်နေတာ
သူမမြင်ပါစေနဲ့
👣 သခင်ရယ် မနှင်ပါနဲ့
ခဏတာ ယုယခွင့်ပြုပါ
သခင့်ရင်ခွင်ဦးမှာ ခဏတာ
နေနားပါရစေ
💌 တနင့်တပိုးနဲ့
ထမ်းပိုးထားတဲ့ ရင်တွင်းစကားတွေ
သခင် မြင်စေချင်တယ်...📝
ကဗျာမိုးတိမ်
9:59PM
Posted via Blogaway
သူငယ်ချင်း....ရေ ဘဝတစ်ဆစ်ချိုးမှာ ပြန်ဆုံခဲ့ရင် သာယာပြည့်စုံတဲ့ဘဝမျိုးနဲ့ မင်းကိုမြင်တွေ့ပါရစေ ...အစစအရာရာ အဆင်ပြေပါစေ...
သူငယ်ချင်း....ထံ
တွေ့ဆုံကြုံကွဲ ၊ ရှောင်မလွဲနိုင်
တွယ်တာနှောင်ကြိုး ၊ ရစ်ပတ်တိုးလဲ
တစ်ထွာဝမ်းရေး ၊ ကံကြမ္မာပေးလို့
ခွဲရအုံးမယ် ၊ သူငယ်ချင်း...ရေ။
တစ်မိုးအောက်နေ ၊ တစ်ရေတူသောက်
သွေးရင်းညီကို ၊ မခွဲလိုလဲ
ဘဝတာဝန် ၊ တို့..ကျေပွန်ဖို့
တော်ရာဌာန ၊ ပျော်မှရမယ်။
နောက်ဆုံးနှုတ်ဆက်
တစ်စက်မျက်ရည် ၊ ကျစီးနေလဲ
ပုခုံးကိုဖက် ၊ ရင်ချင်းအပ်ကာ
ကျောသပ်နှစ်သိမ့် ၊ အံကိုကြိတ်လို့
နှုတ်ချိုမုသား ၊ တစ်ခွန်းစကားက
" ပြန်ဆုံမှာပါ သူငယ်ချင်းရာ"။
မပြည့်ဆုတောင်း ၊ ဒီအကြောင်းလေး
မင်းလဲသိနေ ၊ ငါသိနေလို့
အပိုစကား ၊ ထင်မသွားနဲ့
ငါ့..မျက်ရည်သာ ၊ မင်းမြင်ပါ..။
ချစ်သူငယ်ချင်း...သို့အလွမ်းပြေ
ကဗျာမိုးတိမ်
Posted via Blogaway
ပြင်ဆင်ခွင့်လေး
👉 ပြင်ဆင်ခွင့်လေးပေးပါ 👈
__________________________
👉 ကမ္ဘာကျော် စစ်ဘုရင်
နပိုလီယံလိုပဲ
နေ၀င်ချိန်ကို ကြည့်လို့
မရနိုင်တော့တဲ့ အချိန်နည်းနည်းကို
ငါတောင်းတမိတယ်.✏
👉 နှောင်းမှတတဲ့ နောင်တဆိုတာ
ဂဏန်းတွေရှေ့က သုညလို
တန်ဖိုးမဲ့လွန်းတယ်.✏
👉 တခါသေဖူး ပျဉ်ဖိုးနားလည်တဲ့
ခံရသူက ဒီလိုပြောတော့
အမှားတခုကို အမှန်ပြင်ဖို့
အခွင့်အရေး မရတဲ့အခါ
ဘယ်လိုပြောကျ မလဲ.✏
👉 ကံတရားကိုပဲ ပုံချရမှာလား
ဒီလိုဆို.......
ကံဆိုတာအလုပ်ဆိုတော့
လုပ်မိတဲ့ငါပဲ အပြစ်ပေါ့
{ ဟူး..ဘယ်ရှောင်ရှောင်မလွတ်ပါလား}
ကဗျာမိုးတိမ်
Posted via Blogaway
အချစ်ဆုံးသူငယ်ချင်းအတွက်
ကျွန်တော့် ခံစားချက်
____________________
❆ ဘဝတစ်ကွေ့ ခဏတွေ့ပေမယ့်
ထာဝရ မမေ့နိုင်ပါဘူး...
❆ အတွေးအခေါ်နဲ့ ဘဝဒဿန
အမှားအမှန် ဝေဖန်ကျရင်း
အသစ်အသစ် တွေကို
ရှာဖွေခဲ့ကြတယ်...
❆ အလင်းအမှောင် ဘဝဘောင်မှာ
အတ္တနဲ့စိတ္တဇ ပိတ်ဖုံးမြူမှုန်
လွှမ်းခြုံးဒုက္ခ ဒီကာလမှာ
တွယ်တာနေရ တမ်းတပူဆွေး
မမေ့သေးဘူး...
❆ ကဗျာသီကုံး ဒီစာလုံးကို
မင်းသာတွေ့မြင် ဖတ်ခဲ့ပါလျှင်
ရီချင်ရီမယ် ငါသိတယ်
ငိုချင်ငိုမယ် ငါသိတယ်...
❆ ခံစားချက်တွေ ယိုဖိတ်
တိုးတိတ်ရင်ခုန် မောမောလွမ်း...
ကဗျာမိုးတိမ်
Posted via Blogaway